International News

အစိုးရ၏အထောက်အပံ့ရယူတင်ပို့သည့် အိန္ဒိယကုန်စည်များအပေါ် အမေရိကန်က စိစစ်စုံစမ်းမှုများ ဆောင်ရွက်မည်

Last Updated:

အမေရိကန်နိုင်ငံသည် ပြည်တွင်းရှိလုပ်ငန်းရှင်များအား အကာအကွယ်ပေးရန်အတွက် နိုင်ငံအတွင်းသို့ တင်သွင်းသောကုန်စည်များအား သက်ဆိုင်ရာ ထုတ်လုပ်တင်ပို့သည့်နိုင်ငံ၌ အစိုးရထံမှ ပို့ကုန်အထောက်အပံ့များရယူခြင်းရှိမရှိကို စုံစမ်းစိစစ်၍ တန်ပြန်အကောက်ခွန်များချမှတ် ဆောင်ရွက်လျက် ရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပို့ကုန်များအပေါ် ထိုသို့စိစစ်မှုမှ ကင်းလွတ်ခွင့် ပြုထားပါသည်။ သို့ရာတွင် ၁၀.၂.၂၀၂၀ နေ့၌ အမေရိကန်နိုင်ငံအစိုးရသည် အိန္ဒိယနိုင်ငံ အပါအဝင် အချို့သောနိုင်ငံများကို အဆိုပါကင်းလွတ်ခွင့်ပြုထားသည့်စာရင်းမှ ဖယ်ရှားခဲ့ပါသည်။

အိန္ဒိယနိုင်ငံသည် G-20 အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်လျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုတွင်ပါဝင် သည့်အချိုးအစားမှာလည်း ၀.၅ % ထက်ကျော်လွန်လျက် ရှိသဖြင့် အမေရိကန်နိုင်ငံ၏ တန်ပြန်အကောက်ခွန်ဥပဒေ (countervailing duty law) အရ သက်ဆိုင်ရာအစိုးရထံမှ ပို့ကုန်ဆိုင်ရာ အထောက်အပံ့များ ရယူခြင်းရှိ/မရှိ စုံစမ်းစိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရရှိမည့် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများစာရင်းကို အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး (USTR) က အသစ်ပြန်လည်ထုတ်ပြန်ရာတွင် ပါဝင်ခြင်းမရှိတော့ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၁၈ ခုနှစ်၌ ကမ္ဘာ့ကုန်သွယ်မှုတွင် ပါဝင်မှုအခြေအနေမှာ ပို့ကုန်၌ ၁.၆၇% နှင့် သွင်းကုန်၌ ၂.၅၇% ရှိခဲ့ရာ အမေရိကန်နိုင်ငံက ၎င်း၏ စံနှုန်းအရ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ USTR ၏ ထုတ်ပြန်ချက်၌ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းအား ယခုကဲ့သို့ ပြန်လည်ပြင်ဆင်ရာတွင် လူတစ်ဦးကျအမျိုးသားဝင်ငွေ (Per capita GNI)၊ ကမ္ဘာ့ကုန်သွယ်ရေး၌ ပါဝင်မှုရာခိုင်နှုန်းနှင့် နိုင်ငံအလိုက် စီးပွားရေး အင်အားအရဖွဲ့စည်းထားသည့် OECD, EU, G20 စသည့် နိုင်ငံတကာအဖွဲ့အစည်းများတွင်ပါဝင်မှု အချက်အလက်များ အပေါ်အခြေပြု၍ သတ်မှတ်ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ အိန္ဒိယနိုင်ငံနည်းတူ အာရှအရှေ့ပိုင်းမှ တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယားနှင့် အာဆီယံဒေသတွင်းမှ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ အဆိုပါစာရင်း၌ ပြန်လည်ပါဝင်လာခြင်းမရှိကြောင်း တွေ့ရှိ ရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အိန္ဒိယ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများအနက် အမေရိကန် နိုင်ငံသည် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၈၇.၉၅၅ ဘီလီယံ (၁၀.၄၂%) ဖြင့် ပထမနေရာ ၌ ရပ်တည်နေခဲ့ပြီး အိန္ဒိယအနေဖြင့် ၎င်းနှစ်ကာလတွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁၆.၈၅၆ ဘီလီယံရရှိခဲ့သည်။ USTR ၏ စာရင်းများအရ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှ တင်သွင်းခဲ့သော  အိန္ဒိယ၏ပို့ကုန်များအနက် GSP အခွင့်အရေး ရရှိခဲ့သော ပမာဏမှာ ဒေါ်လာ ၆.၃ ဘီလီယံခန့်ရှိခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရန့်သည် ဖေဖော်ဝါရီ ၂၄-၂၅ ရက်နေ့များတွင် အိန္ဒိယနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်မှ သတင်းထုတ်ပြန်ထားပြီး ၎င်းခရီးစဉ် မတိုင်မီ နှစ်နိုင်ငံအကြား ဆွေးနွေးလျက်ရှိသည့် ကုန်သွယ်ရေးသဘောတူညီချက် တစ်ရပ်ကို အပြီးသတ်ညှိနှိုင်းရန် အတွက် အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Mr. Robert Lighthizer သည် အိန္ဒိယနိုင်ငံသို့ ဦးစွာလာရောက်ဖွယ်ရှိပါသည်။ သို့ရာတွင် ယခုကဲ့သို့ ဖွံ့ဖြိုးမှုအဆင့် တိုးမြှင့်သတ်မှတ်ခံရခြင်းက အမေရိကန်နိုင်ငံသို့တင်ပို့လျက်ရှိသော ကုန်စည်များအတွက် အိန္ဒိယအစိုးရမှ အထောက်အပံ့များ ပေးအပ် ခြင်းကို အတားအဆီးဖြစ်စေသကဲ့သို့ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အမေရိကန်အစိုးရက GSP အထူးအခွင့်အရေး ပေးအပ်ထားမှုမှ ရုတ်သိမ်းခဲ့သော အိန္ဒိယပို့ကုန်များအတွက် GSP အခွင့်အရေး ပြန်လည်တောင်းဆိုရန် မျှော်လင့်ချက်ကိုလည်း မှေးမှိန်စေခဲ့ပြီ ဖြစ်ပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က ၎င်းတို့အနေဖြင့် GSP ကဲ့သို့ အခြားနိုင်ငံမှပေးအပ်သော အထောက်အပံ့များ မလိုအပ်ကြောင်း ပြောကြားသော်လည်း ပြည်တွင်းရှိကုန်သည်လုပ်ငန်းရှင်များကမူ ထုတ်လုပ်မှုစရိတ်သက်သာစွာဖြင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်သည့် ပြိုင်ဘက်များ ဈေးကွက်သို့ဝင်ရောက်မှု ပိုမိုမြင့်မားလာခြင်းကြောင့် အိန္ဒိယ၏ ပို့ကုန်လုပ်ငန်းကဏ္ဍမှာ ဖိအားများအောက်၌ ရုန်းကန်နေရဦးမည် ဖြစ်ကြောင်း ပြောဆိုလျက်ရှိကြပါသည်။

 

မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ

Source:         1. India out of US’ developing nations list for trade benefits, 12 Feb 2020, Economic Times

                   2. US Declares India As A Developed Nation, 13 Feb 2020, www.trak.in

Category: International News